သင့်ကိုယ်သင် အလုပ်ရှင်တစ်ယောက်အနေနဲ့  စဉ်းစားကြည့်ပါ။ အလုပ်လာလျှောက်တဲ့လူတွေကို ဘယ်မေးခွန်းတွေ မေးမလဲဆိုတာ။ ပုံမှန်မေးခွန်းတွေ ဖြစ်တဲ့ Strength and Weakness၊ နောက်ငါးနှစ်မှာ သင့်ကိုယ်သင် ဘာဖြစ်နေမလဲဆိုတာတွေက သမရိုးကျမေးခွန်းတွေ ဖြစ်နေပါပြီ။ ဒါကြောင့် ဒီတစ်ခေါက် ပြောပြမယ့် မေးခွန်းတွေကတော့ ဆန်းဆန်းပြားပြားဖြစ်ပြီး အလုပ်ရှင်ရော အလုပ်လာလျှောက်မယ့်လူတွေရော အဆင်ပြေစေမယ့် မေးခွန်းတွေကို ပြောပြပေးသွားမှာပါ။
၁၊ “ဒီအလုပ်လုပ်ခြင်းရဲ့  ရည်မှန်းချက်က ဘာလဲ။”
ဒီလိုမေးခွန်းကို အင်တာဗျူးလာလျှောက်မယ့်လူတွေကို မေးလိုက်ပြီဆိုတာနဲ့  သူတို့ ဖြေတဲ့ အဖြေပေါ်ကြည့်ပြီး သူ့ ကို အကဲခတ်လို့ ရပါပြီ။ ဒါ့အပြင် သင့်ကုမ္ဗဏီမှာ ကြာကြာလာလုပ်မယ့်လူလား၊ ခဏတစ်ဖြုတ် လာလုပ်တဲ့လူလားဆိုတာ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဥပမာ သူ့ ရဲ့ အဖြေက ပညာလိုချင်လို့ လာလေ့လာတယ်ဆိုရင် သေချာပါပြီ။ နောက်ထပ်တစ်နေရာ ကောင်းတဲ့နေရာတွေ့ ရင် သူပြောင်းရွှေ့ ဖို့ ဝန်မလေးပါဘူး။
၂၊ “ဒီရာထူးကိုထမ်းဆောင်ပြီး ဘာတွေ လေ့လာသင်ကြားဖို့  မျှော်လင့်ထားပါသလဲ။”
ဒီမေးခွန်းကို သင်မေးလိုက်ပြီဆိုတာနဲ့  သူတို့ ဖြေတဲ့အဖြေပေါ် ကြည့်ပြီး သူ့ ရဲ့  တာဝန်ယူမှူ၊ အလုပ်လုပ်ပုံကိုင်ပုံတွေကို သင်အကဲခတ်နိုင်ပါတယ်။ ဥပမာ သူက အရင်က ဘာတွေဘာတွေလုပ်ခဲ့လဲဆိုတာကို ပုံကြီးချဲ့ ပြောနေမယ်ဆို သူက လက်ညှိုးထိုးခိုင်းတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ သေချာပါပြီ။ ဒါမှမဟုတ် သူစလုပ်ခဲ့တုန်းက အမှားတွေရှိတယ်၊ ဘယ်လို အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရလဲ စသဖြင့် ပြောပြမယ်ဆို သူက အတွေ့ အကြုံရှိပြီး အသစ်ကို လေ့လာသင်ကြားဖို့  စိတ်အားထက်သန်နေတယ်ဆိုတာကို သင်မြင်ရမှာပါ။
၃၊ “လုပ်ဖော်ကိုင်ဖက်တွေနဲ့  ပြဿနာဖြစ်ရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ။”
အလုပ်မှာ ပြဿနာကိုယ်စီ ရှိကြတာပါပဲ။ တစ်ချို့ က ရာထူးကြောင့် မနာလို ၀န်တိုမှူ၊ တစ်ချို့ က Personal ပြဿနာတွေကြောင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေမှူတွေ ရှိပါတယ်။ ဒီလိုပြဿနာတွေကို ကောင်းကောင်းဖြေရှင်းနိုင်မှ Manager ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးလိုက်တာနဲ့  သင့်အလုပ်မှာ ၀န်ထမ်းတွေကို ဦးဆောင်နိုင်မယ့်လူလား ပြဿနာ ပိုဖြစ်စေမယ့်လူလားဆိုတာ သင်သုံးသပ်နိုင်ပါပြီ။
၎၊ “ဒီရာထူးကို ထမ်းဆောင်ရင် သင့်ရဲ့ စိန်ခေါ်မှူကြီးကဘာလဲ။”
ဒီမေးခွန်းပေါ်မူတည်ပြီး အဖြေတွေကလည်း အများကြီးကွဲပြားသွားနိုင်ပါတယ်။ လူတော်တော်များများက မလုပ်ဖူးတဲ့အရာ၊ မတွေ့ ကြုံသေးတဲ့အရာတွေကို တွေးပြီးကြောက်တတ်ကြပါတယ်။ အလုပ်ဆိုတာလည်း ဒီလိုပါပဲ၊ လုပ်ကြည့်မှ လွယ်လား၊ ခက်လားဆိုတာ သိမြင်နိုင်မှာပါ။ ဒီမေးခွန်းမျိုးကို သင် အင်တာဗျူးမှာ မေးလိုက်ရင် ဖြေတဲ့လူက ယုံကြည်ချက်အပြည့်နဲ့  လုပ်နိုင်တယ်၊ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ ဖြေရင် ဒီလိုလူမျိုးက သင်အားကိုးရမယ့်လူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာ တပ်အပ်ပြောနိုင်ပါတယ်။
၅၊ “ဒီအလုပ်လုပ်မယ်ဆို ကုမ္ဗဏီဘက်ကပေးနိုင်တဲ့ သင့်လိုအပ်ချက်က ဘာဖြစ်မလဲ။”
ဒီမေးခွန်းကလည်း အရေးကြီးပါတယ်။ ၀န်ထမ်းကောင်းကို ကုမ္ဗဏီတိုင်း လိုချင်ကြပါတယ်။ နောက်တစ်ခေါက် ပြန်ရဖို့ ဆိုတာလည်း ထင်သလောက် မလွယ်ပါဘူး။ ဒါကြောင့် သင်အကြိုက်တွေ့ တဲ့ ၀န်ထမ်းကို တွေ့ ပြီဆိုလည်း လက်မလွှတ်လိုက်ပါနဲ့ ။ ဒီလိုမေးခွန်းလေးမေးပြီး သင်ကူညီနိုင်တာလေး လုပ်ပေးလိုက်ပါ။
၆၊ “သင့်ရဲ့ အထက်လူတွေနဲ့ အဆင်မပြေရင် ဘယ်လိုဖြေရှင်းပါသလဲ။”
ဝန်ထမ်းတော်တော်များများက အထက်ကဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မကြိုက်တတ်ကြပါဘူး။ ဒီလိုအခါမျိုးမှာ သင်ဘယ်လို ဖြေရှင်းပါသလဲ။ ဒီမေးခွန်းကို အင်တာဗျူးတွေမှာ မေးချင်မှ မေးကြမှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးတွေက အရေးကြီးပါတယ်။ နားလည်မှူနဲ့ ကိုယ်ချင်းစာတရားရှိတဲ့လူ တော်တော်များများက ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေကြပါတယ်။ သူဖြေတဲ့အဖြေကိုကြည့်ပြီး သူ့ ရဲ့ ပေါင်းသင်းဆက်ဆံရေးကို သင်မြင်တွေ့  နိုင်ပါတယ်။
၇၊ “ဒီကုမ္ဗဏီမှာ အလုပ်လာလုပ်ချင်အောင် လုပ်ပေးနိုင်တဲ့အရာတွေက ဘာဖြစ်မလဲ။”
ဒါကတော့ အကောင်းဆုံးမေးခွန်းပါပဲ။ သင့်ကုမ္ဗဏီကို သင်မြင်ထားတဲ့အမြင်နဲ့  သူများမြင်တဲ့အမြင်ကို နှိုင်းယှဉ်ပြပါလိမ့်မယ်။ လူများများကို ဒီမေးခွန်းမေးလေလေ ရှူထောင့်ပေါင်းစုံကို သင်မြင်ရပါလိမ့်မယ်။ ဥပမာ သင့်ကုမ္ဗဏီကလူတွေက အရမ်းသွက်လက်ထက်မြက်တာကြောင့်၊ ဒါမှမဟုတ် ခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံနဲ့ ဝန်ထမ်းတွေကိုပေးတဲ့ ၀န်ဆောင်မှူတွေကို ကြိုက်လို့ ၊ ဒါမှမဟုတ် လစာကောင်းကောင်းပေးလို့  စသဖြင့် သင်ကြားချင်ကြားရမှာပါ။ အဲ့လိုတွေကြားရရင်တော့ သင်လိုချင်တဲ့ အဖြေရမှာ မဟုတ်ပါဘူး။ သင့်ကုမ္ဗဏီရဲ့ ကောင်းကွက်၊ဆိုးကွက်တွေကို ထောက်ပြပြီး ဖြည့်ဆည်းပေးချင်တဲ့ လူမျိုးဆိုရင် သူတို့ ပြောတာတွေကို သင်နားထောင်ပါ။ ဒါဆိုရင် သင်မမြင်ရတဲ့ အခြားလူတွေရဲ့ ရှူထောင့်ကို မြင်ရပြီး သင့်အလုပ်ရဲ့  လိုအပ်ချက်တွေကို သိလာပါလိမ့်မယ်။
၈၊ “ကုမ္ဗဏီကို မေးဖို့ မေးခွန်းရှိလား။”
ဒီမေးခွန်းရဲ့ ရည်ရွယ်ချက်ကတော့ အင်တာဗျူးလာဖြေတဲ့လူနဲ့  အင်တာဗျူးမေးတဲ့လူ နှစ်ယောက်ကြား နားလည်မှူရယူဖို့ ပါပဲ။ နားမလည်တာရှိရင်လည်း တစ်ခါတည်းမေးလို့ ရအောင် မေးတဲ့မေးခွန်းလည်း ဖြစ်ပါတယ်။
အချုပ်ပြောရမယ်ဆိုရင် ကုမ္ဗဏီတော်တော်များများကလည်း ၀န်ထမ်းတွေကို မေးတဲ့ မေးခွန်းနဲ့  ၀န်ထမ်းတွေ ပြန်ဖြေတဲ့မေးခွန်းတွေကလည်း ထပ်နေသလောက် ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း ဒီလိုမေးခွန်းလေးတွေ မေးပြီး သင့်အတွက် တစ်ကယ်အသုံးဝင်တဲ့လူ ဖြစ်လားမဖြစ်လားဆိုတာ သင်အကဲခတ်နိုင်ပါပြီ။
0 Comments