အခုပြောပြမယ့် အကြောင်းအရာက အကြံဉာဏ်ပေးရုံ သက်သက်သာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေနဲ့  သေချာဆွေးနွေးတိုင်ပင် စေချင်ပါတယ်။ Container အိမ်တွေက အကုန်အကျ သက်သာသလို အကုန်အကျလည်း များသွားနိုင်ပါတယ်။ ဆောက်တဲ့ အနေအထားနဲ့  အထဲမှာ ထည့်တဲ့ ပစ္စည်းတွေပေါ်မူတည်ပြီး ကြီးရင်ကြီးသလို ကုန်ကျစရိတ်တွေ တက်လာနိုင်ပါတယ်။
နိုင်ငံခြားမှာတော့ Container အိမ်ကို ဆောက်တဲ့ လူအများစုက လူတွေနဲ့ ဝေးတဲ့ အေးချမ်းတဲ့ နေရာတွေမှာ ဆောက်ကြပါတယ်။ တောထဲလိုနေရာမျိုး၊ ချောင်းဝလို နေရာမျိုးနဲ့  လူအရောက်နည်းတဲ့ ကမ်းခြေလိုနေရာမျိုးမှာ ဆောက်ကြပါတယ်။ မဆောက်ခင်မှာတော့ သက်ဆိုင်ရာ ဒေသခံ အစိုးရဆီက ခွင့်ပြုချက်ကိုတော့ တောင်းရပါမယ်။ ဆောက်လုပ်ခွင့်မရပဲ ဆောက်လိုက်ရင်တော့ ပိုက်ဆံတွေ အလဟာသ ဖြစ်သွားနိုင်ပါတယ်။ Container အိမ်ဆောက်မယ်ဆို ခန့် မှန်းခြေ ကုန်ကျနိုင်တဲ့အရာတွေနဲ့  လုပ်ရမယ့် အရာတွေကို ပြောပြပါမယ်။
ပထမဦးဆုံး နေမယ့်လူအရေအတွက်ကို အရင်ကြည့်ပါ။ လူသုံးယောက်လောက်ပဲ နေမယ်ဆို ကွန်တိန်နာ အကြီးနှစ်လုံးလောက်နဲ့ တင် လုံလောက်ပါတယ်။ အိမ်မှာ အလုပ်လုပ်တဲ့ လူတွေအတွက်ဆို ကွန်တိန်နာ နောက်တစ်လုံးနဲ့ စုစုပေါင်း သုံးလုံးလောက် လိုပါတယ်။ အရေးကြီးဆုံးက foundation ခိုင်ဖို့ လိုပါတယ်။ သင်ဆောက်မယ့်နေရာက မြေနေရာပျော့နေရင်တော့ foundation ကို ခိုင်အောင်လုပ်ပါ။ အချို့ က အောက်ခြေကို သံနဲ့  ကွန်ကရစ် အပြည့်လောင်းကြပါတယ်။ အချို့ ကတော့ တံတားပုံစံ ထောင့်နှစ်ခု ကွန်ကရစ်လောင်းပြီး container ကို တင်ကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် အောက်ခြေခိုင်ဖို့ လိုပါတယ်။
ပြီးရင်တော့ သင်လိုချင်တဲ့ ပုံစံဖြစ်တဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေအတွက် အပေါက်တွေ ဖောက်တာ ဖြတ်ထုတ်တာတွေ လုပ်ရမှာပါ။ ပြတင်းပေါက်တွေ တံခါးတွေ စဉ်းစားတဲ့နေရာမှာ မှန်ပြတင်းပေါက်တွေ မှန်တံခါးတွေ ဦးစားပေးပါ။ မှန်ပြတင်းပေါက် တံခါးတွေက ကွန်တိန်နာအိမ်အတွက် အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုက မိလ္လာပိုက်ကို foundation ချတည်းက နေရာလုပ်ထားပါ။ ဒါ့အပြင် kitchen အတွက်လည်း အနံ့ တွေထွက်ဖို့  လေထွက်ပေါက်ကို ဖောက်ပြီး ပိုက်တပ်ထားပါ။
နောက်တစ်နည်း ရှိပါသေးတယ်။ အပေါ်က ပြောသလို ခေါင်းရှုပ်မခံနိုင်ရင်တော့ ထိုင်းနိုင်ငံမှာ ကွန်တိန်နာတွေကို ဖြတ်ပြီး ရောင်းချတဲ့ ကုဗတုံးပုံစံ အိမ်လေးတွေ ရှိပါတယ်။ တစ်လုံးနဲ့ တစ်လုံးကို ဆက်ပြီး သင်လိုသလို ဆောက်လို့ ရပါတယ်။ ကုဗတုံးပုံစံ အိမ်တစ်လုံးကို သိန်းရာနဲ့ ချီပြီး အထိရှိပါတယ်။ သင်မလိုချင်တဲ့ အရာတွေကို ဖြုတ်ချပြီး လိုသလောက်ကိုပဲ ပေးချေပြီး ဆောက်လို့ ရပါတယ်။ အရုပ်ဆက်သလို တစ်စစီ ယူလာပြီး မြန်မာပြည်ရောက်မှလည်း ဆောက်လို့ ရပါတယ်။ Online မှာမှာမယ်ဆို Aliexpress မှာလည်း ကြည့်နိုင်ပါတယ်။ တစ်လုံးကို ပျမ်းမျှ ဒေါ်လာ ၂၀၀၀ ၀န်းကျင်လောက် ရှိပါတယ်။
အဓိက လူအများစု container အိမ်တွေဆောက်တဲ့ ရည်ရွယ်ချက်ကတော့ ဈေးသက်သာပြီး အချိန်ကုန်သက်သာတာကြောင့် ဖြစ်တယ်။ နောက်တစ်ခုက ပြင်ဆင်ထိန်းသိမ်းစရိတ် နည်းပြီး ခေတ်ဆန်တာကြောင့်လည်း ဆောက်ကြပါတယ်။ မြန်မာပြည်မှာတော့ ရန်ကုန်လိုနေရာမျိုးမှာ ဆောက်လို့ မလွယ်ပေမယ့် အခြားနယ်မြို့ တွေမှာတော့ ဆောက်လို့ ရပါတယ်။ ကလော၊ ပြင်ဦးလွင်၊ ကယားပြည်နယ်တို့ လို တောင်ကုန်းထိပ်မှာ container အိမ်လေးတွေ ဆောက်ရင်တော့ အရမ်းကို လှပတဲ့ အိမ်မက်အိမ်လေးတွေကို ကောင်းကောင်း ဆောက်နိုင်မှာပါ။
0 Comments