သင်သာသုံးစရာမကုန်တဲ့ ပိုက်ဆံရှိရင် ဘာလုပ်မလဲ၊ သုံးဖြုန်းမလား၊ အလှူအတန်းတွေပဲ ထိုင်လုပ်နေမလား၊ လူသားတွေအတွက် အကျိုးရှိတဲ့အရာတွေ လုပ်နေမလား၊ စီးပွားရေးတွေထပ် လုပ်နေမလား။ ဒီမေးခွန်းကို သင်ကိုယ်တိုင်ပိုက်ဆံရှိတဲ့အခါကျရင် အဖြေပေါ်လာပါလိမ့်မယ်။ ကွန်ပျူတာလောကရဲ့  ဆရာတစ်ဆူဖြစ်သူ Bill Gates ကတော့လမ်းမှာပိုက်ဆံ ကျသွားခဲ့ရင်တောင် ပြန်ကောက်စရာမလိုအောင် ပေါများတဲ့လူပဲ ဖြစ်ပါတယ်။ သူ့  အသက်အရွယ်မှာတော့ အလှူအတန်းလုပ်တာထက် လူတွေအတွက်အကျိုးရှိမယ့် အရာတွေလုပ်ရင်း အချိန်တွေကုန်ဆုံးပါတယ်။ အခုတစ်ခါလည်း အိမ်သာကိုလူတိုင်း သုံးနိုင်တဲ့စနစ်ကို တည်ထောင်နေပါတယ်။ Bill Gates က ပထမဦးဆုံး သူ့ ပရောဂျက်ကို Reinvent The Toilet Challenge ဆိုပီးအမည်ပေးထားပါတယ်။ ဒီပရောဂျက်မှာ ကမ္ဘာအရပ်ရပ်က ပညာရှင်တွေ၊ ကုမ္ဗဏီတွေ၊ ထူးချွန်တဲ့တက္ကသိုလ်ကျောင်းသားတွေခေါ်ပြီး အိမ်သာပရောဂျက်ကို ပြသပွဲလုပ်ပါတယ်။
တစ်ချို့ အိမ်သာတွေက လျှပ်စစ်မီးမလို၊ ရေမလိုတဲ့ အိမ်သာတွေပါဝင်ပါတယ်။ လျှပ်စစ်မီးမရသေးတဲ့နေရာတွေမှာ မီသိမ်းဓါတ်ငွေ့ ကို ထမင်းချက်လို့ ရအောင် လုပ်ပေးတဲ့ စနစ်တွေပါဝင်တဲ့ အိမ်သာတွေပါဝင်ပါတယ်။ ရေမလိုတဲ့ အိမ်သာကတော့ တစ်ရှူးစက္ကူကိုအသုံးပြုရမှာ ဖြစ်ပြီး မစင်ကိုခွဲခြားပေးတဲ့စနစ်တွေ ပါဝင်ပါတယ်။ မစင်ကိုအပူပေးပြီး အငွေ့ ပျံလို့ ရရှိတဲ့ ရေကိုမစင်တွေ ဖယ်ရှားပေးမယ့်ရေအဖြစ် ပြန်အသုံးပြုပါတယ်။ အပူပေးဖို့ အတွက်တော့ ပါဝါကို ဆိုလာပြားက ရယူမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိလ္လာကျင်းတူးစရာမလိုပဲ မစင်တွေကို အလိုအလျောက်ခြေဖျက်ပြီးသားဖြစ်သလို ရေကိုလည်း အထူးတလည် သုံးစရာမလိုတော့အောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုအိမ်သာမျိုးက ရေအရမ်းရှားတဲ့ဒေသတွေမှာ အဆင်ပြေပါတယ်။ ရေအလုံအလောက်ရရှိတဲ့ နေရာတွေမှာတော့ ရေကိုအသုံးပြုနိုင်တဲ့အပြင် မီသိန်းဓါတ်ငွေ့ ကိုပါ တစ်ခါတည်း ထုတ်ပေးနိုင်တဲ့ စနစ်တွေပါဝင်တဲ့ အိမ်သာတွေလည်း ပါဝင်ပါတယ်။ တစ်ချို့ အိမ်သာတွေကတော့ ဓါတ်မြေသြဇာပါ ထုတ်ပေးနိုင်တဲ့ စနစ်တွေပါဝင်ပါတယ်။
Bill Gates က ဒီပရောဂျက်ကို ၂၀၁၁ခုနှစ်တည်းက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ပြန့် ပွားအောင်ကြိုးပမ်းနေပါတယ်။ ကမ္ဘာ့ လူဦးရေတစ်ဝက်က အိမ်သာကောင်းကောင်းမရှိတာကြောင့် ရောဂါတွေဖြစ်ပြီး ပိုက်ဆံအမြောက်အများ ကုန်ကျနေကြောင်းကို ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့နိုင်ငံတွေမှာ အာဖရိကတိုက်က နိုင်ငံတွေပါဝင်နေပြီး Bill Gates ကိုယ်တိုင်သွားရောက်ပြီး အထက်ကပြောပြခဲ့တဲ့ အိမ်သာတွေကို စမ်းသပ်ဆောက်လုပ်ပေးခဲ့ပါတယ်။ဒါ့အပြင် တရုတ်ပြည်မှာလည်း မစင်ထည့်ထားတဲ့ပုလင်းကို သူ့ နားမှာထားပြီး စင်ပေါ်ကတစ်ဆင့် Reinvented Toiet အကြောင်းတွေ ပြောကြားခဲ့ပါတယ်။
0 Comments