တစ်ခါတစ်လေ ဒေါသကြီးတဲ့ကလေးတွေကိုပိုင်ဆိုင်ထားတဲ့ မိဘတွေက သနားဖို့ကောင်းပါတယ်။ အထူးသဖြင့် လူကြားသူကြားထဲမှာ ကလေးတွေကအရမ်း ဂျီကျပြီး လိုချင်တာကိုမရရင် အော်ငိုတာမျိုးတွေ၊ ခေါင်းမာပေတေပြီး သောင်းကျန်းတာမျိုးတွေကို supermarket နဲ့ public area တွေမှာ တော်တော်များများတွေ့ဖူးမှာပါ။ ဒါမျိုးက မိဘတော်တော်များများ ကလေးငယ်စဉ်မှာ ကြုံရပါတယ်။ ဒီလိုမျိုးမှာ သွန်သင်ဆုံးမမှု အများကြီးလိုအပ်ပါတယ်။ တစ်ချို့မိဘတွေက ကလေးကို အလိုလိုက်ပြီး တစ်ချို့ကလည်း လုံးဝအလိုမလိုက်ပဲ အတင်းအကြပ် ကလေးနဲ့အပြိုင်သွားတာမျိုးတွေရှိပါတယ်။ ကလေးကိုအလိုလိုက်တာကတော့ ကြီးမားတဲ့မှားယွင်းမှုကြီးတစ်ခုပါပဲ။ ဒီတော့ ဒေါသကြီးတဲ့ကလေးတွေကို ထိန်းကျောင်းပုံ ထိန်းကျောင်းနည်း အကြံဉာဏ်လေးရအောင် တင်ပြပေးလိုက်ပါတယ်။
၁။ လိုချင်တာကို အလိုမလိုက်ပါနဲ့။
ဥပမာ ကလေးနဲ့အပြင်သွားတဲ့အခါမှာ ကလေးက ကစားကွင်းမှာ ဆော့ချင်တယ်လို့်ပြောရင် ပေးဆော့လိုက်ပါ။ ဒါပေမယ့် အချိန်ကန့်သတ်ချက်တစ်ခုနဲ့ ထားပါ။ အချိန်ပြည့်လို့ကလေးကို ခေါ်တဲ့အခါမှာ ကလေးက ဂျစ်ကန်ကန်လုပ်မယ်ဆိုရင် အလိုမလိုက်ပါနဲ့။ ရိုက်လည်းမရိုက်နှက်ပါနဲ့။ သူလိုချင်တဲ့အရာကို သင်ပေးလိုက်တဲ့အခါမှာ လိုချင်တာရှိရင် ဒီလိုဂျစ်ကန်ကန်နဲ့ဆိုးလိုက်ရင် ရတယ်လို့သူတို့ ယုံကြည်သွားပါလိမ့်မယ်။ အာရှသားတော်တော်များများကတော့ ကလေးကို ရိုက်နှက်ဆုံးမပါတယ်။ ပြောမရရင် ဒီအတိုင်းထားလိုက်ပါ။
၂။ ဘာမှမလုပ်ပါနဲ့။
အတင်းအကြပ် အနေအထားတစ်ခုဖြစ်လာရင်တော့ သူ့ကိုအာရုံမစိုက်ပါနဲ့။ ဆိုလိုတာက လွှတ်ထားလိုက်ပါ။ ကလေးက ကိုယ့်ဒေါသကို ကိုယ်ထိန်းချုပ်တတ်ဖို့ လိုအပ်ပါတယ်။ သူ့ကိုအာရူံစိုက်နေရင် သောင်းကျန်းတာနဲ့ လိုချင်တာရသွားပြီလို့ ယူဆပါလိမ့်မယ်။ ဒါကြောင့်ပြောမရရင် လွှတ်ထားလိုက်ပါ။ ဒါမှမဟုတ် အဝေးတစ်နေရာက ကြည့်နေပါ။ ကလေးဒေါသပြေတဲ့အထိ စိတ်ရှည်စွာနဲ့ စောင့်ပါ။ အစပိုင်းမှာ သင် ပင်ပန်းမှ နောက်ပိုင်းမှာ ကလေးကို ထိန်းကျောင်းတဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။
၃။ ကလေးကိုချော့တာမျိုး လုံးဝမလုပ်ပါနဲ့။
ကလေးအရမ်းဒေါသထွက်တဲ့အခါမှာ ချော့တာက အလုပ်မဖြစ်ပါဘူး။ ချော့လိုက်တဲ့အခါမှာ ကလေးက ပိုပြီး ဆိုးသွားနိုင်ပါတယ်။ သူ့ကို အလိုလိုက်တယ်လို့ယူဆသွားပါလိမ့်မယ်။ ဒီလိုမျိုးအခါမှာ ကလေးကို ထိန်းချုပ်ရတာ ပိုခက်ခဲသွားနိုင်ပါတယ်။
၎။ ကြိုတင်သတိပေးပါ။
အပေါ်ကအချက်တွေလုပ်ဖူးရင်တော့ ကလေးက သူအလိုရှိတဲ့ဟာကို သောင်းကျန်းရင် မရနိုင်တော့ဘူးဆိုတာ နားလည်ပြီးသားဖြစ်သွားပါမယ်။ ဒါကြောင့် သင်က No လို့ပြောရင် တစ်ကယ်မရနိုင်ဘူးဆိုတာကို သူသိသွားပါလိမ့်မယ်။ ဒီလိုအခါမျိုးမှာ ပွဲမကြမ်းခင်တည်းက ကြိုတင်သတိပေးပါ။ ကလေးက မရနိုင်မှန်းသိရင် ဆက်မလုပ်တော့ပါဘူး။
၅။ ကလေးကို လုံခြုံအောင်ထားဖို့လည်းမမေ့ပါနဲ့။
သင့်ကလေးက ဒေါသအရမ်းကြီးတဲ့အခါ တစ်ခြားကလေးတွေကို တစ်ခုခုနဲ့ပစ်ပေါက်တာမျိုးတွေ လုပ်တတ်ပါတယ်။ တစ်ခြားကလေးတွေကို မလုပ်ရင်တောင် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်တာမျိုးတွေ ရှိပါတယ်။ ဒီလိုအခါမျိုးကျရင် ကလေးကို ကိုင်ထားပါ။ ဒေါသပြေမှ လွှတ်မယ်လို့ပြောပြီး ထိန်းထားပါ။ ပြောတဲ့အခါမှာ စိတ်အေးအေးနဲ့ ပြောပါ။
၆။ အရမ်းကြီး မထိန်းချုပ်ဖို့အရေးကြီးပါတယ်။
ကလေးကို အရမ်းထိန်းချုပ်တဲ့အခါမှာ ကလေးတော်တော်များများက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ စဉ်းစားဆင်ခြင်ဉာဏ်တွေ လျော့ပြီး မိဘကို အားကိုးလာနိုင်ပါတယ်။ မိဘကို အားကိုးတာများတဲ့ကလေးက ကိုယ်စွမ်းကိုယ်စနည်းလာပြီး ဘာမှမလုပ်တတ် မကိုင်တတ် မသွားလာတတ်တာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်နဲ့ အခြားအလုပ်တွေလုပ်လာတဲ့အခါမှာ တော်တော်လေးအားနည်းလာပါလိမ့်မယ်။ ဒါကြောင့် သူ့ကိုရွေးချယ်စရာတွေပေးပါ။ ကိုယ်တိုင်ရွေးချယ်စေပြီး အတွေ့အကြုံကို ကိုယ်တိုင်ပေးခံစားပါ။ ကလေးကကြီးလာတဲ့အခါမှာ သူများထက် ပိုပြီးရင့်ကျက်လာပါလိမ့်မယ်။
၇။ ကလေးနဲ့မိဘကြား နားလည်မှုကို တည်ဆောက်ပါ။
တစ်ချို့ကလေးတွေက စိတ်ကြမ်းကိုယ်ကြမ်းဖြစ်တာက မိဘတွေနဲ့သက်ဆိုင်ပါတယ်။ ဥပမာ မိဘတွေက တစ်ချိန်လုံးရန်ဖြစ်နေကြရင်တော့ ကလေးတွေလည်း စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း အမြဲသုံးသပ်ပါ။ ကလေးကိုလည်း အမြဲအကောင်းမပြောတာမျိုးကို ရှောင်ပါ။
ကိုယ်လိုချင်တဲ့ ကလေးပုံစံမျိုးကို မွေးကတည်းကပါလာအောင် လုပ်နိုင်တဲ့ ဆေးမရှိပါဘူး။ အားလုံးကို အချိန်ယူ ပြုစုပျိုးထောင်ရပါတယ်။ ဆိုးတာ လိမ္မာတာ တော်တာတွေက ကလေးကို ထိန်းကျောင်းတဲ့ပုံနဲ့ပဲ သက်ဆိုင်ပါတယ်။ မိဘတစ်ယောက်ဖြစ်လာရင်တော့ ကိုယ့်ကလေးကို လူလားမြောက်ပြီး တော်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ထိန်းကျောင်းရမှာတော့ မိဘတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ မိဘကျေးဇူးကို ထိုင်ရှင်းပြနေမယ့်အစား ကလေးတစ်ယောက်က လူ့ကျင့်ဝတ်တွေနဲ့ နေတတ်ထိုင်တတ်အောင် သင်ပေးဖို့က ပိုအရေးကြီးပါတယ်။
0 Comments